ငါးမွေးသင့်သောအကြောင်းပြချက်

 


အားလုံးပဲမင်္ဂလာပါဗျ ကျွန်တော်အခုမိတ်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ “အလှမွေးငါးလေးတွေကိုဘာကြောင့်မွေးမြူကြလဲ” နဲ့ “ဘာကြောင့်မွေးမြူသင့်တယ် ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ် လေ့လာကြည့်ရအောင်ဗျာ!!!!


ယခုခေတ်မှာဆိုရင် မြို့တိုင်းမြို့တိုင်းမှာရှိတဲ့ အိမ်တိုင်း နီးပါး/ စားသောက်ဆိုင် / ဆေးရုံ / ကုမ္ပဏီစတဲ့နေရာတွေမှာဆိုရင် အလှမွေးငါးတွေကို မှန်ကန်နဲ့သော်လည်းကောင်း အုတ်ကန် ကြွေကန် စတည်ဖြင့်သော်လည်းကောင်း မွေးမြူလာကြပါပြီ

အလှမွေးငါးတွေဟာ အခြားအိမ်မွေးတိရိစ္ဆာန်များထက်ကို

1.နေရာ

2.အချိန်

3.ကုန်ကျစရိတ် သက်သာတာကြောင့် တိချစ်သူအများစုက အလှမွေးငါးလေးတွေကို ရွေးချယ်လာကြပါတယ်

ယခုခေတ်အခြေအနေမှာဆိုရင် အလှမွေးငါးများကိုရောင်းသူဝယ်သူများပြားလာတဲ့အပြင် အလှမွေးငါးမျိုးစိတ်သစ်များတိုးတက်လာနှုန်းကလဲ အရှိန်အဟုန်မြင့်မားနေပါပြီ

နိုင်ငံအနှံ့နေရာအနှံ့က ငါးမျိုးစိတ်သစ်တွေကို လိုက်ပြီးရေတွက်မယ်ဆိုရင်တော့ ပြီးဆုံးနိုင်မှာမဟုတ်တော့ပါဘူး

လူတွေကအလှမွေးငါးတွေကို ဘာကြောင့်မွေးကြလဲ

1. အချို့က ရွှေငါး ၉ ကောင်မွေးရင် လာဘ်ကောင်းတယ်

Lucky fish မွေးရင် ငွေဝင်တယ် ကံကောင်းတယ်စသည်ဖြင့် အယူအဆတွေကြောင့်မွေးမြူကြပါတယ်

2. အချို့ကျတော့လဲ အိမ်ကလူတစ်ယောက်ယောက်ကမွေးတာ ဒါမှမဟုတ် ဘေးအိမ်ကလူတွေငါးမွေးတာကို မြင်ပြီး ကိုယ်ပါလိုက်မွေးကြည့်ရင်းနဲ့ မွေးဖြစ်သွားတာ / လက်ဆောင်ပေးလို့မွေးရင်းနဲ့စိတ်ဝင်စားသွားတာတွေ

3. အချို့ကြပြန်တော့လဲ ငါးရဲ့အလှအပကိုစွဲလန်းမိပြီး အိမ်မှာခေါ်မွေးဖြစ်တာတွေ

စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် အလှမွေးငါးကိုအရူးအမူးဖြစ်သည်အထိ စိတ်ပါဝင်စားလာကြပါတယ်

ဘယ်လို အကြောင်းပြချက်နဲ့ပဲမွေးမွေး ငါးလေးတွေက သက်ရှိတွေဖြစ်ကြပါတယ်။ သူများအသက်ကို ကိုယ့်အိမ်က ကန်ထဲမှာ မွေးမြူတာဖြစ်တဲ့အတွက်ကြောင့် နည်းစနစ်မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ငါးလေးတွေကို ပျော်ရွှင်ကျန်းမာစွာနဲ့သက်တမ်းစေ့နေနိုင်အောင်ဖန်တီးပေးရမှာ ငါးချစ်သူတို့ရဲ့တာဝန်ဖြစ်ပါတယ်ဗျာ


#အလှမွေးငါးလေးတွေကို ဘာကြောင့်မွေးမြူသင့်လဲ ?

အလှမွေးငါးလေးတွေဟာ အခြား အိမ်မွေးတိရိစ္ဆာန်များထက်ကို တွင်ကျယ်စွာနဲ့ မွေးမြူလာကြပါပြီ

အမေရိကန်နိုင်ငံမှာဆိုရင် တစ်နိုင်ငံလုံးရဲ့ ၆၈% က အလှမွေးငါးကန်လေးတွေကိုပိုင်ဆိုင်ကြပါတယ်တဲ့ဗျာ

Woww!!!! သူတို့ဘာကြောင့်များဒီလောက်ထိမွေးမြူကြလဲဆိုတာ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပါပြီ

သိပ္ပံညာရှင်များနဲ့ဆရာဝန်များ၏လေ့လာစမ်းသပ်မှုတွေက ဖော်ပြနေပါတယ် အလှမွေးငါးကန်တွေကို ပိုင်ဆိုင်ထားယုံနဲ့ အောက်ပါ အကျိုးကျေးဇူး ၈ ချက်ထဲက အနည်းဆုံး ၁ချက် ကိုတော့ ရရှိနိင်မှာ အမှန်ပဲဖြစ်ပါတယ်

1.ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

ဘယ်လိုပြဿနာတွေကို ဖြေလျော့ပေးနိုင်လဲဆိုတော့

(1) စိတ်ဖိစီးမှုများခြင်းကိုလျော့ကျစေခြင်း

(2) သွေးတိုးရောဂါကိုသက်သာစေခြင်း

(3) စိတ်ဖိစီးမှု/သွေတိုးမှုကြောင့် ဖြစ်တဲ့နှလုံးရောဂါများကိုကာကွယ်ပေးခြင်း

(4) အယ်လ်ဇိုင်းမား ရောဂါတို့ကို ကာကွယ်ပေးခြင်းတို့ပဲဖြစ်ပါတယ်

ဒီလိုရောဂါတွေကို တကယ်ရောကာကွယ်ပေးနိုင်ပါ့မလား ဆိုတာကို အလှမွေးငါးကန်လေးတွေကို ကိုယ်တိုင်ဖန်တီးပြီး ဟုတ်မဟုတ်စမ်းကြည့်ကြတာပေါ့

ဒါ့အပြင်ဆေးရုံးဆေးခန်းအများစုမှာ ငါးကန်လေးတွေ ထားရှိတာကိုသင်တို့သတိထားမိမယ်ထင်ပါတယ်

ဒါဟာ အလှပြထားရုံတင်မကပါဘူး ဆေးရုံဆေးခန်း လာပြသူများ မြင်နိုင်တဲ့နေရာထားရှိတာကြောင့် ငါးကန်လေးကို တခဏတာ ငေးမောကြည့်ရုံနဲ့ စိတ်ထဲမှာ အနည်းငယ်ကြည်နူးမိတဲ့ခံစားချက်ကို ရရှိစေနိုင်တာကြောင့် ထားခြင်းဖြစ်ပါတယ်

2. အခြားအိမ်မွေးတိရိစ္ဆာန်များမွေးမြူခြင်းထက် အလှမွေးငါးလေးတွေက ပိုပြီး တည်ငြိမ်အေးချမ်းခြင်း

ဒီအချက်ကလဲမှန်ကန်နေပါတယ် အခြားခွေးကြောင်ငှက်တွေက သူတို့ပျော်သည်ဖြစ်ဖြစ် ရန်လိုရင်ဖြစ်ဖြစ် အမြဲ ဆူညံနေကြတာပါပဲ အလှမွေးငါးလေးတွေကျတော့ သူတို့အုပ်စုနဲ့သူတို့ရေကန်လေးထဲမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့အမြဲကူးခပ်နေတာပါပဲ

3. ကလေးငယ်တွေရှိတယ်ဆိုရင် ကလေးလေးတွေအတွက် ငါးကန်ကနေ သဘာဝကိုချစ်တတ်လာအောင် သတ္တဝါလေးတွေကို ကြင်နာတတ်လာအောင် သင်ပြပေးနိုင်ခြင်း

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့အတိုင်း တစ်ချိန်တိုင်းပြည်တာဝန်ထမ်းဆောင်မဲ့လူငယ်လေးတွေကို ငယ်စဉ်ကထဲက လေ့ကျင့်ပျိုးထောင်ပေးသင့်ပါတယ်

အခုလိုငယ်ရွယ်စဉ်ကထဲက သတ္တဝါအချင်းချင်း ကြင်နာခြင်းနဲ့ သဘာဝကိုချစ်မြတ်နိုးတတ်မှ လူသားနဲ့ကမ္ဘာမြေကြီးကိုအကျိုးပြုမဲ့ လူသားအရင်းအမြစ်ဖြစ်စေမှာပါ

4. တိရိစ္ဆာန်လဲမွေးချင်တယ် ကိုယ့်အိမ်ကကျဉ်းနေရင်လဲပြဿနာမရှိပြန်ဘူး အခန်းထောင့်တစ်နေရာစာလေးမှာ ငါးကန်အသေးလေး ထားနိုင်တဲ့အတွက်ကြောင့် နေရာယူသက်သာခြင်း

5.အခြားခွေးကြောင်ငှက်တွေကို စျေးပိုချိုခြင်း

အလှမွေးငါးလေးတွေက စျေးနှုန်းကလဲ 0ကျပ်ကနေ သိန်းချီပြီး တန်ကြေးရှိပါတယ် မိမိနှစ်သက်ရာ ငါးအမျိုးအစားနဲ့စျေးနှုန်းကို ရွေးချယ်မွေးမြူနိုင်ပါတယ်

ဘာကြောင့် 0ကျပ်ကနေစပြောလဲဆိုတော့ အလှမွေးငါးချစ်သူတွေထဲမှာကိုယ်နဲ့ရင်းနှီးခင်မင်တဲ့သူစီကနေ ငါးလေးတွေကိုလက်ဆောင်တောင်းယူမွေးနိုင်ခြင်းကြောင့် 0ကျပ်လို့ပြောတာပါ

6. ထိန်းသိမ်းမှုကလဲ ပုံမှန်ရေလဲ အစာကျွေးပေးရုံနဲ့ အချိန်ကုန်သက်သာခြင်း အခြားခွေးကြောင်တွေလို အစာခွက်ဆေးပေးရတာ လမ်းလျှောက်ထွက်ပေးရတာ ခွေးမစင်ကျုံးရတာ မရှိတဲ့အတွက် ဝန်မပိစေပါဘူး

7. ကိုယ့်ရဲ့ တိလေးတွေမွေးချင်တဲ့စိတ်ကိုလဲ ငါးတစ်မျိုးထဲမွေးယုံနဲ့ကျေနပ်စေနိုင်ခြင်း

8. ကိုယ့်ရဲ့စိတ်ကူးထဲကအတိုင်း ပုံဖော်ထားတဲ့ ငါးကန်ရဲ့အလှကို ကိုယ်တိုင်ဖန်တီးပြီး ညဘက်တွေ ပျင်းတဲ့အခါတိုင်း တစိမ့်စိမ့်ကြည့်ရင်းနဲ့ စိတ်ချမ်းစာမှုကို ပေးနိုင်ခြင်း စတဲ့အချက်တွေကြောင့် အလှမွေးငါးတွေကို မွေးမြူသင့်ပါတယ်

ကဲ ဒီလိုအချက်အလက်လေးတွေနဲ့ ထောက်ပြလိုက်တော့ ငါးမွေးကြည့်ချင်တဲ့ ခံစားချက်လေးဖြစ်ပေါ်သွားတယ်မလား

ကဲပါ !!!! ကြာပါတယ်ဗျာ ငါးမွေးဖို့စိတ်ကူးယဉ်မနေဘဲ အခုပဲ အလှမွေးငါးမွေးဖို့စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်လိုက်ကြရအောင်ဗျာ

ကျွန်တော်တို့ရဲ့ Page လေးကလဲ လူကြီးမင်းတို့ ငါးမွေးစဉ်မှာ ကြုံတွေ့နေရတဲ့အခက်အခဲလေးတွေကို ကူညီဖြေရှင်းပေးဖို့အမြဲစောင့်မျှော်နေပါတယ်ဗျ

အခုလိုအချိန်ပေးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ

မူရင်းရေးသားသူအား credit ပေးပါတယ်